31.3.09

အခမဲ့ဖုန်းခေါ်ဆိုရန်

ဒီအစီအစဉ်လေးကို သူငယ်ချင်းတစ်ယောက်ကမျှဝေလို့ရခဲ့တာပါ..အဲ့ဒါနဲ့blog ကသူငယ်ချင်းတွေကိုလည်း
ပြန်မျှဝေချင်တာနဲ့.သူပေးတဲ့အတိုင်းလေးဘဲပြန်တင်ပေးလိုက်ပါတယ်..ဒီနေ့တစ်နေ့ဘဲခေါ်လို့ရတာနော်.
မမေ့ကြနဲဦး...

2009 ခုနှစ်ရဲ့ ထူးခြားတဲ့ အစီအစဉ်သစ် တစ်ရပ်ကို စတင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ပြည်ပကို ရောက်ရှိနေကြတဲ့ ရွှေမြန်မာတွေကတော့ ဒီအစီစဉ်ကို အထူးနှစ်သက်ကြမယ်ဆိုတာ ပြောစရာကို မလိုပါဘူး။ ဒီလောက်တောင် ညွှန်းနေမှတော့ ဘာအစီအစဉ်လေးလဲ ဆိုတာ သိချင်နေကြမှာပေါ့နော်။
ပြည်ပရောက် မြန်မာတွေအတွက် ပြည်တွင်းမှာ ရှိကြတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေကို အခမဲ့ ဖုန်းခေါ်နိုင်မယ့် ၀န်ဆောင်မှုကို all-chanel.com က စတင် ပေးဆောင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ နှစ်သစ်ကူးကို ကူးပြောင်းမယ့် ဧပရယ်လ (၁) ရက်နေ့ ကစပြီး www.all-channel.com ရဲ့ အသင်းဝင်တွေကို ဒီဝန်ဆောင်မှုကို စတင်ပေး ဆောင်တော့မှာ ဖြစ်လို့ ဒီလိုထူးခြားတဲ့ အခွင့်အရေးကို လက်လွတ်လို့ မဖြစ်ဘူးနော်။

အထူးစပါယ်ရှယ် Free Call စတင်စမ်းသပ်ခေါ်ဆိုနိုင်ပြီ.

မင်းနဲ့ဝေးတော့



ရှင်ဖုန်းရဲ့မင်းနဲ့ဝေးတော့ဆိုတဲ့ သီချင်းလေးပါ..သီချင်းလေးကနည်းနည်းအေးပေမယ့်..ခံစားချက်ချင်းတိုက်ဆိုင်
တယ်လို့ခံစားရလို့ပါ...မင်းနဲ့ဝေးတော့..ခံစားရမယ့်ခံစားချက်တွေကိုကြောက်မိတယ်..

30.3.09

မာနမျက်ရည်


ပန်းချီပြခန်းတစ်ခုမှာပေါ့

တက်သစ်စ လူငယ်ပန်းချီဆရာလေးတစ်ယောက် သူအစွမ်းကုန် ကြိုးစားရေးဆွဲထားတဲ့
ပန်းချီကားလေးကို နံရံတစ်ခုပေါ်မှာ ချိတ်လိုက်တယ်.

ပြီးတော့ ဘေးနားမှာ စာတိုလေးတစ်စောင်ရေးထားလိုက်တယ်.



“လူကြီးမင်းများခင်ဗျာ. ကျွန်တော့်လက်ရာ ပန်းချီကားလေးကို
အားပေးချီးမြှောက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်.
လိုအပ်နေတဲ့အရာလေးတွေ၊ အမှားလေးတွေကို ထောက်ပြပြောဆိုပေးခဲ့ပါ
ကျေးဇူးတင်ပါတယ်.”

အဲလိုလေးလည်း ရေးထားတယ်. ပြီးတော့ ပန်းချီကားလေးရဲ့ ဘေးနားမှာလည်း
စုတ်တံလေးတစ်ချောင်း ထားထားလိုက်တာပေါ့..
ညနေစောင်းတော့ ပန်းချီပြခန်းလည်း ပိတ်ရော ပန်းချီဆရာလေးလည်း
သူ့ပန်းချီကားလေးကို ပြခန်းလာကြည့်သွားသူတွေ ဘယ်လိုမှတ်ချက်လေးတွေများ
ပေးသွားမလဲလို့ ၀မ်းသာအားရနဲ့ သွားကြည့်တော့တာပေါ့.

အိုး…

သနားစရာကောင်းလိုက်တဲ့ ပန်းချီဆရာလေး…

သူ့အသည်းနှလုံးနဲ့ ရေးဆွဲသီမှုန်းထားတဲ့ ပန်းချီကားလေး တစ်ချပ်လုံး ရစရာ
မရှိအောင် အစက်တွေ၊ အပြောက်တွေ၊ အ၀န်းတွေ၊ အ၀ိုင်းတွေ ပြည့်နှက်နေခဲ့တယ်…

အခန်းထောင့်တစ်နေရာကိုသွားပြီး ပန်းချီဆရာလေးလည်း စိတ်ပျက်လက်ပျက်
ထိုင်ချလိုက်တော့တယ်.

ပြီးတော့ ဘယ်သူမှ မကြားအောင် ရှိုက်ပြီး ငိုနေမိတော့တယ်တဲ့…

ဘယ်လောက်ကြာအောင် သူငိုနေခဲ့တယ်မသိ. သူ့ပုခုံးကို လူတစ်ယောက်
လာကိုင်တော့မှပဲ သူလည်း ဖျတ်ခနဲ တုန်လှုပ်ပြီး သတိပြန်ဝင်သွားခဲ့တယ်..

“မင်း ဘာဖြစ်လို့ ဒီလောက်တောင် ရှိုက်ကြီးတငင် ၀မ်းနည်းပူဆွေးနေရတာလဲ.”

ပန်းချီဆရာလေးလည်း ဖြစ်ပျက်သမျှအကြောင်းစုံကို ရှင်းပြလိုက်တော့တာပေါ့..

“ကျွန်တော်စိတ်မကောင်းဘူးဗျာ. ဒီပန်းချီကားလေးကို ကျွန်တော့်ရဲ့
အကောင်းဆုံး စုတ်ချက်တွေနဲ့ ခြယ်မှုန်းထားခဲ့တာဗျ. ခုတော့ အဓိပ္ပါယ်မရှိတဲ့
စုတ်ချက်မှားတွေကြောင့် ကျွန်တော့်ရဲ့ အကောင်းဆုံးလက်ရာတစ်ခု
အကျည်းတန်ပျက်စီးသွားခဲ့ရပြီ. ကျွန်တော်သိပ်မှားသွားတယ်ဗျာ.”

“မင်း မမှားပါဘူး.”

ပန်းချီဆရာလေးလည်း အလန့်တကြားခေါင်းမော့ကြည့်ရင်းက…

“ဟင်. ခုလိုဖြစ်သွားတာ ကျွန်တော်မှားသွားတာ မဟုတ်ဘူးလား. တကယ်ဆို
ကျွန်တော် သူတို့ကို ပြင်ဆင်ခွင့်မပေးခဲ့သင့်ဘူး. ကျွန်တော့်ပန်းချီကားဟာ
ကျွန်တော့်ရဲ့ လက်ရာသီးသန့်ပဲ ဖြစ်နေစေရမှာ”

ပန်းချီဆရာလေးပြောသမျှကို လူကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နားထောင်နေခဲ့ရာက

“မင်းမမှားပါဘူး ချာတိတ်. မင်းရဲ့ အတွေးအခေါ်မမှားပါဘူး.
လုပ်ပုံကိုင်ပုံပဲ နည်းနည်းလွဲသွားတာ”

“ဒါဆို ကျွန်တော်ဘယ်လိုပြန်ပြင်သင့်သလဲ”

လူကြီးက ချောင်းတစ်ချက်ဟန့်လိုက်ရင်း…

“အိုကေ. ဒီပန်းချီကားနဲ့ တစ်ထပ်တည်း တူညီတဲ့ ပန်းချီကားနောက်တစ်ချပ်
မင်းဆွဲပါ. ဒီအတိုင်းပဲ စုတ်တံတစ်ချောင်းနဲ့ ဆေးခွက်ကို
ပန်းချီကားဘေးနားမှာ ချပေးထားလိုက်ပါ.”

“ဟုတ်ကဲ့. ဘာများထူးခြားသွားမှာမို့လဲ ဆရာကြီး”

ပန်းချီဆရာလေးက သူ့ကို ဆရာကြီးလို့ခေါ်လိုက်တော့ သူလည်း နှစ်ခြိုက်စွာ
ပြုံးလိုက်ရင်း..

“ထူးခြားတယ် ချာတိတ်. ပန်းချီကားဘေးနားမှာ ချိတ်ထားတဲ့ မင်းရဲ့ စာသားကို
ပြန်ပြင်လိုက်.”

“ဘယ်လိုပြင်သင့်သလဲ ဆရာကြီး”

“ဒီလိုကွာ….

“လူကြီးမင်းများခင်ဗျာ. ကျွန်တော့်လက်ရာ ပန်းချီကားလေးကို
အားပေးချီးမြှောက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်.
လိုအပ်နေတဲ့အရာလေးတွေ၊ အမှားလေးတွေကို ထောက်ပြပြောဆိုပေးခဲ့ပါ.
ဘာကြောင့်မှားတယ် မှန်တယ်ဆိုတာကိုလည်း ယထာဘူတ ကျကျ ဆွေးနွေးတင်ပြပေးပါ.
ပြီးတော့ ဒီပန်းချီကားလေးဘေးနားမှာ ရှိတဲ့ကင်းဗတ်စလေးပေါ်မှာ
လူကြီးမင်းရဲ့ လက်ရာလေးကို မှတ်တမ်းတင်ခဲ့ပေးပါ.ကျေးဇူးတင်ပါတယ်.”

ပန်းချီဆရာလေးလည်း ဆရာကြီးဆိုသူ ပြောသမျှအတိုင်း တသွေမတိမ်း လိုက်လုပ်လိုက်တယ်.

နောက်တစ်နေ့ ပြခန်းပိတ်ချိန်ရောက်တော့ သူ့ပန်းချီကားလေးဟာ
မီးရောင်အောက်မှာ ခန့်ညားထယ်ဝါစွာနဲ့ သန့်ရှင်းသပ်ရပ်စွာ
ဝင့်ဝင့်ကြွားကြွား တည်ရှိနေခဲ့တာကို တွေ့လိုက်ရတယ်.

ထူးခြားတာကတော့ ဘယ်လိုဆေးစက်အရာမှ သူ့ပန်းချီကားလေးပေါ်မှာ ရှိမနေခဲ့သလို
ဘေးနားမှာ ထားပေးထားတဲ့ ကင်းဗတ်စလေးနဲ့ စုတ်တံဟာလည်း အရာမယွင်းဘဲ
ဖြစ်နေခဲ့တာကို တွေ့လိုက်ရတယ်.

ပန်းချီဆရာလေးလည်း သိပ်ကို အံ့ဩသွားခဲ့တော့တာပေါ့…. ဘာလို့လည်းဆိုတော့
သူ့ပန်းချီကားလေးရှေ့မှာ လူတွေ စုပြုံပြီး တိုးဝှေ့ကြည့်ရှု ဝေဖန်နေတာကို
သူ နေ့ခင်းကတည်းက တွေ့နေခဲ့တာကိုး…

မနေ့ကလိုပဲ သူ့ပန်းချီကားလေးပေါ်မှာ ပြင်ဆင်ချက်တွေ၊ ဝေဖန်ချက်တွေ
ပြည့်နေမယ်လို့ ထင်နေခဲ့တာကိုး…

ခုတော့ သူထင်သလို တစ်ခုမှမဟုတ်ဘဲ သူ့ပန်းချီကားလေးဟာ သိပ်ကို
အပြစ်ကင်းစင်စွာနဲ့ ပြခန်းနံရံပေါ်မှာ ခေါင်းမော့နေခဲ့တယ်.

အဲဒီ့အချိန်မှာပဲ သူ့နောက်က ဩဇာအပြည့်ပါတဲ့ အသံတစ်ခုထွက်လာခဲ့တယ်….

“အဲဒါပဲ ချာတိတ်…. လူတွေဟာ သူများတွေရဲ့ အမှားတွေ၊ ဟာကွက်တွေကိုပဲ
ပြစ်တင်နင်းနှိပ်ပြောချင်ကြတယ်. ဘယ်လိုပြင်သင့်တယ်၊
ဘယ်လိုနေသင့်တယ်ဆိုတဲ့ စံနမူနာပြယုဂ်တစ်ခုကိုတော့
သူတို့ကိုယ်တိုင်မတည်ဆောက်နိုင်ကြဘူး…”

ပန်းချီဆရာလေးရဲ့ မျက်နှာဟာ သိပ်ကို တည်ငြိမ်ရင့်ကျက်နေခဲ့ပါတယ်.

ဆရာကြီးဟာ ပန်းချီဆရာလေးရဲ့ မျက်ခုံးထူထူအောက်က စူးရှထက်မြက်ဟန်ရှိတဲ့
မျက်ဝန်းအစုံကို စေ့စေ့စိုက်ကြည့်ရင်းက သူ့ရဲ့ ဆုံးမစကားကို တစ်လုံးချင်း
ပြောကြားခဲ့လိုက်ပါတော့တယ်…

“မင်းလုပ်စရာရှိတာကိုသာ မင်းလုပ်ပါ. မင်းကိုယ်မင်းယုံကြည်စွာလုပ်ပါ.
မင်းမှန်တယ်ထင်တာကို မင်းစွဲကိုင်ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ
မင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ. မျက်စိဟာ မြင်ဖို့ဖြစ်ပေမယ့်
မမြင်သင့်တာတွေအတွက် တစ်ခါတစ်ရံ ကန်းပေးရမယ်. နားဟာ ကြားဖို့ဖြစ်ပေမယ့်
မကြားသင့်တာတွေအတွက် တစ်ခါတစ်ရံ နားလေးပေးရမယ်.

မင်းဘ၀အတွက် မင်းသာလျှင် ပဲ့ကိုင်ရှင်ပဲ….

မင်းရဲ့ ကံကြမ္မာအတွက် မင်းသာလျှင် ဖန်တီးရှင်ပဲ…”

ထိုညက ကြယ်တွေစုံနေသော ကောင်းကင်ပြာကြီးကို လူငယ်လေးတစ်ယောက်
မျက်ရည်များကြားမှ ပြုံးလျက် ခေါင်းမော့ကြည့်နေခဲ့လေသည်…..

forward mail လေးကနေရလို့တင်လိုက်တာပါ..ကျန်မလည်းပန်းချီဆရာလေးလို
ခံစားရဘူးလို့ပါ....ခံစားချက်လေးတွေကို မရေးတော့ဘူးလို့တောင်ဆုံးဖြတ်မိတဲ့အထိပါ..
ဒီမေးလေးကိုဖတ်ပြီးမှ.နားလည်သွားတော့တယ်.....ဒုတိယနည်းကိုတော့ မစမ်းကြည့်ရသေးပါဘူး...
စမ်းကြည့်ဖို့တော့စိတ်ထဲတေးထားတယ်..ဘာဘဲဖြစ်ဖြစ် ဒီလိုလေးချရေးလိုက်တော့လည်းဝေဒနာလေးတွေ
သက်သာသွားသလိုပါ ဘဲ....

မျှော်လင့်ချက်(၁)



တယောက်လက်ကိုတယောက်တွဲ
တယောက်ကိုတယောက် ဖေးမရင်း
ဘယ်တော့မှရောက်မယ်မှန်းမသိတဲ့
အချိန်တစ်ခုဆီကိုမျှော်ရင်း
လှပတဲ့အိမ်လေးတစ်ခုဆီကို
အနာဂတ်မျှော်လင့်ချက်တစ်ခုနဲ့
ကြိုးစားလျှောက်လှမ်းမယ်လေ
ဘယ်လိုလဲ
ကတိပေးနိုင်ပါ့မလား.....

အမှတ်တရ


အမှတ်တရဆိုတာ ချန်ထားခဲ့သူအတွက်
ခဏတာပေမယ့် ကျန်ရစ်ခဲ့သူ အတွက်
တစ်ဘ၀တာပါပဲ.....

29.3.09

ခံစားချက်(၁)



တကယ်ဆိုရင်
ကိုယ်တို့ကြားက သံယောဇဉ်
ကိုယ်တို့အပြင် ဘယ်သူသိမှာလဲ
မင်းကိုချစ်တဲ့အချစ်တွေနဲ့
မင်းပေးခဲ့မယ့်
အလွမ်းတွေကလွဲလို့
ဘာမှမသိတဲ့ကိုယ့်ကို
လိုအပ်ရင် ပြန်လာပါ
မလိုအပ်ရင် ချန်ခဲ့ပါ
ကိုယ်ဟာ ..မင်းလိုအပ်ချိန်တိုင်းမှာ
အနားရှိနေချင်ပြီး... မင်းအတွက်ဆိုရင်
အမုန်းတွေ စာလုံးမပေါင်းတတ်တော့သူပါ....


ဖတ်မိတဲ့ကဗျာတစ်ပုဒ်ကို ခံစားရသလို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်..

ချစ်သူသို့(၂)


ချစ်သူ...
ကျေးဇူးပြုပြီး

ငါ့အချစ်တွေကို
အမှတ်ရပေးပါ...

ငါ့အလွမ်းတွေကို
အသိအမှတ်ပြုပေးပါ...

ငါ့အိပ်မက်တွေကို
ဆက်မက်ခွင့်ပေးပါ....

ငါ့အထီးကျန်မှုတွေကို
နားလည်ပေးပါ...

ငါတမ်းတနေတာကို
စာနာပေးပါ...

ငါ့အနားမှာ
အမြဲရှိနေပေးပါ...

27.3.09

ချစ်သူသို့(၁)


အချစ်ဆိုတာ ချစ်နေဖို့တဲ့...

အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့...

အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းတဲ့...

အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကို

စိတ်ချမ်းသာအောင် ထားတာတဲ့...

ဘာတွေမှန်းမသိတော့တဲ့

အချစ်ရဲ့ ဖွင့်ဆိုချက်တွေ ကြားထဲမှာ

ငါကရော ဘယ်လိုခံယူချက်နဲ့ ချစ်နေတာလဲ...

ပေးဆပ်ခြင်းလား စွန့်လွှတ်ခြင်းလား...

သူပျှော်ဖို့ကျခဲ့ရတဲ့မျက်ရည်တွေကရော...

ချစ်သူကို အချစ်ကြောင့် စွန့်လွှတ်ဖို့လား---

အချစ်ကြောင့်ဘဲပိုင်ဆိုင်နိုင်အောင်ကြိုးစားမှာလား...

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးဆို...

ဟား..ဘာတွေလဲ..ဘယ်လိုခံယူချက်မျိုးနဲ့လဲ...

သေချာတာတစ်ခုကတော့...

စွန့်လွှတ်ဖို့ဆုံးဖြတ်ရင်လည်း အချစ်ကြောင့်ဖြစ်ပြီးတော့...

ပိုင်ဆိုင်ရယူချင်တာလဲ.အချစ်သက်သက်ကြောင့်ဆိုတာ

ချစ်သူသိစေချင်ပါတယ်...
Greengirl ရဲ့ကဗျာလေးကိုဖတ်မိပြီး ခံစားရသလို ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်...

25.3.09

နာကျင်မှု


သာယာတဲ့ချစ်ခြင်းဖွဲ့သံစဉ်မှာ
ယစ်မူးပျော်ဝင်ခိုက်မှာ.
အဲဒီသံစဉ်တွေကို နားထောင်ခွင့်ရခဲ့တာ..
ကိုတစ်ယောက်ထဲ မဟုတ်မှန်းသိလိုက်ရတဲ့အခါ..
ရင်တစ်ခုလုံးနာကျင်ကြေမွခဲ့ရတယ်...

ဆုတောင်း


ဆုတောင်းတိုင်းသာပြည့်မည်ဆိုပါက တောင်းဆုတစ်ခုတော့ပြုချင်ပါတယ်......နိဗ္ဗန်မရောက်မီ ဖြစ်လေရာ လူ့ဘ၀ဆက်တိုင်းဆက်တိုင်းချစ်ရသောသူ၏ သံသယ နှင့်စွပ်စွဲချက်များမှကင်းလွတ်ရပါလို၏။

မခွဲဘူး..


ဝဋ် ဆိုလျှင်လည်း ကျေချင်ပါသည်

အပြစ်ဆိုလည်း မငြိုငြင်ပြီ

အချစ်ဆိုလည်း ပြေလည်ချင်ပြီ

ရင်၌စူးနစ် မနှုတ်ဖြစ်သည့်

မေတ္တာအဆိပ်စူး အသည်းဦးကို

“မခွဲဘူးလို့” ဘုရားစူး ကို ကျိမ်အုံးမယ်.

24.3.09

အထီးကျန်နေ့ရက်များ


အထီးကျန်ခြင်းကို အပြင်းအထန်ခံစားရသောအချိန်များသည် သူမတစ်ယောက်ထဲ တိတ်ဆိတ်စွာတစ်စုံတစ်ယောက်ကိုလွမ်းနေရသည့် အချိန်များပဲဖြစ်သည်....ပျော်ရွှင်ခြင်းနှင့်
ကြည်နူးခြင်းများကို ပိုင်ဆိုင်ခဲ့ရသောနေ့စွဲ များတွင်သူမ၏ အချိန်များ၌ တစ်စုံတစ်ယောက်
အမြဲရှိနေခဲ့ပါသည်….ချစ်ခြင်းမေတ္တာ၏ အသံထွက်တို့ ခေတ္တဆွံအနေခဲ့သော အချိန်များတွင်
တမြည့်မြည့်လှိုက်တက်လာသည့် သောကတို့ကနှလုံးသားနံရံပေါ်သို့တွယ်တက်နေကြသည်….
သူ၏ ဂရုစိုက်တတ်မှုများကြားတွင် သူမ၏ဘဝသည် ချစ်ခြင်းတို့နှင့် လင်းလက်လှပဖူးခဲ့ပါသည်
…သူရှေ့တွင် သူမက ကလေးတစ်ယောက်ကဲ့သို့ပြန်ဖြစ်သွားသည်…သူမ၏ဆံစများကို
သူကအသာအယာပွတ်သပ်ပေးတိုင်း ..သူမ၏နဖူးပေါ် နူးညံ့သောသူ့လက်ချောင်းများ၏
အထိအတွေ့ကျရောက်လာတိုင်း သူမကျေနပ်ရပါသည်…(သူမချစ်သူ၏လက်များကိုသူမအရမ်းချစ်ပါသည်….ချစ်သူ၏လက်ကလေးကိုကိုင်ပြီး
ကို့လက်လေးတွေကို အရမ်းချစ်တာဘဲဟုသူမအမြဲပြောမိသည်..
သူမချစ်သူသည် ယောက်ျားလေးပေမဲ့လှပသောလက်ချောင်းများကို
ပိုင်ဆိုင်ထားသည်…)ဘယ်သူမှမပေးဘဲသူမဘာသာသူမယူထားသောတာဝန်မှာ..
မနက်တိုင်းချစ်သူအားဖုန်းဆက်ပြီး အိပ်ရာမှနှိုးခြင်း ဖြစ်သည်….အခုအချိန်တွင်တော့
တယ်လီဖုန်းလေးကလည်း တိတ်ဆိတ်ဆွံအစွာ ငြိမ်သက်နေပါလိမ့်မည်….
ချစ်သူနဲ့အတူတူ စကားပြောရင်းသောက်ရသော ကော်ဖီတစ်ခွက် ၏အရသာသည်ဘာနှင့်မျှမတူအောင်သူမအတွက်ထူးခြားကောင်းမွန်နေခဲ့သည်….
သိမ်မွေ့နူးညံ့စွာပြောဆိုတတ်သောသူ့စကားလုံးများကိုနားထောင်ရင်း..အကြင်နာများ
ယှက်သန်းနေသည့်သူ့မျက်ဝန်းများကိုငေးမောရင်းတစိမ့်စိမ့်ကြည်နူးသော
ညနေခင်းပေါင်းများစွာကိုသူမပိုင်ဆိုင်ဖူးခဲ့ပါသည်….ထိုညနေခင်းများကို သူမမပိုင်ဆိုင်ရတော့ဖူးဆိုရင်….အတွေးထဲမှာတင်…သူမမခံစားနိုင်ခဲ့ပါလား………….

လမ်းခွဲသီအိုရီ


ချစ်သူ မလာပါနဲ့......
စိတ်ကူး မယဉ်ပါနဲ့....
ငါ့ဘ၀က ကြမ်းလို့ပါ
ချစ်သူ မကြင်နာပါနဲ့...
မနှစ်သိမ့်ပါနဲ့...
ငါက ပျော်ရွင်မှုကင်းမဲ့တဲ့ အရိုင်းတစ်ယောက်ပါ….
တကယ်တော့
ငါဟာ အညတြပါကွာ…..
မင်းကို မျှဝေခံစားဖို့ မဖိတ်ခေါ်လိုပါဘူး
မင်းနဲ့ငါ မိုင်တွေဘယ်လောက်ဝေေ၀း
ငါကတော့ အမြဲသတိရနေမှာပါ
ငါသိတယ်
ဒါတွေဟာ အိမ်မက်တွေပေါ့......
ဆက်မက်ဖို့လည်း မတောင်းတတော့ပါဘူး
လမ်းခွဲသီအိုရီရဲ့ ဝေဒနာကိုပွေ့ဖက်
ဆောင်းနှင်တွေရဲ့ ကြားမှာ
တဆစ်ဆစ်နဲ့ ကိုက်ခဲတဲ့ အလွမ်းဝေဒနာ
ဘုရားပေးတဲ့ ဆုတစ်ခုလိုခံယူ
ငါဟာအညတြပါ....
ဘယ်လောက်ထိမှလဲ အရေးမပါ
ဘယ်လောက်မှလဲ မကြီးကျယ်ပါဘူး
ဒီဇင်ဘာရဲ့ ဆောင်းနှင်းတစ်ပွင့်လို့
စာရင်းမရှိ နံပါတ်လည်းမရှိ
အင်း.....လိုက်ရင် ပြေးတဲ့လောကကြီးမှာ
ငါဟာ အညတြပါ...

ချစ်သူ


ချစ်သူ…..ဆောင်းနဲ့မိုးကြား
ပူလောင်တဲ့နွေ ပြောင်းလဲခြင်းတွေ
ဘယ်လောက်ရှိရှိ ထာဝရတည်နေခဲ့တာ
မင်းကိုချစ်မိတဲ့ ငါရင်ထဲက အလွမ်းတွေပါ
မင်းကို…….
သိပ်ချစ်လွန်းလို့ မပြောရက်ဘူး သိလား
အရာရာပြီးဆုံးသွားပီဆိုပေမယ့် ငါ့ရင်ထဲက မင်းအတွက်
စိုက်ခဲ့တဲ့ ပန်းလေးတစ်ပွင့်က ငါ့သမိုင်းမှာ
မင်းအတွက်ရေးထိုးပေးမယ့် ခိုနားရာရင်ခွင့်မဲ့
ကျောက်စာတစ်ချပ်ပါကွယ်
ဘယ်လောက်ပဲပြတ်သားခဲ့ပါစေလေ
ချစ်နေခွင့် ငေးကြည့်နေခွင့်လေးတွေကိုတော့
ငါပိုင်ပါတယ် ချစ်သူ……

အလွမ်းအိပ်မက်


ချစ်သူ အရာရာတို့ဝေးသွားပီလို့
သိလိုက်ရချိန်ကတည်းက စုဆောင်းမိခဲ့တဲ့
ငါရင်ခွင်က အလွမ်းလေးကို
မင်းလေးရဲ့ရှေ့ ခြေရင်းလေးမှာ ဖြန့်ချ…….
တို့နှစ်ယောက်ကြားက တိတ်ဆိတ်နေတဲ့
အိပ်မက်ကို ကို….ဆက်မက်ချင်နေမိတာ
မင်းသိပါ့လား…….
ရင်ကွဲမတတ် ချစ်ရပါတယ် ဆိုတဲ့
ငါ့အချစ်… အချစ်မရှိရင် ငါရှင်သန်ခြင်းတွေ
သေဆုံးနေတယ်ဆိုတဲ့ ငါ့အတ္တ
အချစ်ဆိုတာ မရှိမဖြစ်မဟုတ်ပါဘူးဆိုတဲ့
မင်းရဲ့ အတ္တ
ဘယ်လိုဆုံမှတ်မှာများ ပြန်ဆုံနိုင်ကြမလဲနော်
ပြီးဆုံးခြင်းစာတမ်းရေး ထိုးပြီးမှတော့
ငါဘာကိုမျှော်လင့်နေရအုံးမှာလဲ ချစ်သူ
အရာရာကိုဆုံးရှုံးပြီးမှတော့
ချစ်သူမျက်နှာလေးဟာလည်း
ငါမပိုင်ရတဲ့ ကြွေရုပ်ကလေးလို
ငါငေးကြည့်နေယုံရလွဲလို့ ပေးဆပ်ခွင့်မှမရှိတာနော်

နောက်ဆုံး


အရမ်းချစ်တယ်....ထပ်ပြောပါရစေ...တကယ်ချစ်ခဲ့တာပါ....လမ်းခွဲဖို့စကားတွေကို
ဘယ်လိုအင်အားမျိုးနဲ့
ပြောခဲ့တာလည်းချစ်သူရယ်.အငြင်းပယ်ခံနှလုံးသားတစ်စုံရဲ့ ဆန္ဒကိုမင်းလှည့်မကြည့်ခဲ့ဖူး...ဒါဘ၀မှာပထမဦးဆုံးကြားလိုက်ရတဲ့စကားပါ..
မျှော်လင့်ချက်တွေကိုရိုက်ချိုးခံလိုက်ရတဲ့လူတစ်ယောက်ရဲ့
ရင်တွင်းခံစားချက်ကို မင်းနည်းနည်းမှကိုယ်ချင်းမစာမိဘူးပေါ..မင်းပေးခဲ့တဲ့
မျှော်လင့်ချက်တွေနဲ့
ငါဘယ်လောက် ပျော်ရွှင်ခဲ့ရသလဲဆိုတာကို မင်းမရိပ်မိခဲ့ဘူးပေါ့..အရာရာအားလုံးက
ပြီးဆုံးသွားပြီလား...အိပ်မက်တွေကရောပျောက်ဆုံးသွားပြီလား..

ချစ်သူသို့


အချစ်ဦးလို့တော့ မညာချင်ပါဘူးချစ်သူ....
ပထမဦးဆုံးချစ်ဖူးတာတော့ ၀န်ခံပါရစေ......
ခုမြင်ခုချစ်ခဲ့တာပါလို့တော့ မပြောချင်ပါဘူးချစ်သူ....
တစိမ့်စိမ့်နဲ့ရင်ထဲရောက်လာတာတော့ သိစေချင်ပါတယ်......
အေးစက်စက်မျက်ဝန်းတွေရဲ့နောက်မှာ အကြင်နာတွေရှိတယ်...
မာကျောတဲ့စကားတွေရဲ့နောက်မှာ ဂရုစိုက်မှုတွေရှိတယ်....
ဟန်ဆောင်မှုတွေရဲ့နောက်မှာ သိမ်မွေ့နက်နဲတဲ့အချစ်တွေရှိနေတာကို
မြင်အောင်ကြည့်လှဲ့ပါလားချစ်သူရယ်....

ခံစားချက်


ထားခဲ့လို့သွားတော့မှာသိလည်း
လက်ပြလို့နှုတ်မဆက်နိုင်ဘူး
သေနေတဲ့မျှော်လင့်ချက်ကို
အသက်မသွင်းပဲဒီအတိုင်းသိမ်းမယ်
အချစ်ရေ
မင်းမရှိတဲ့ဒီလမ်းမှာ
အလွမ်းတွေနဲ့ငါဆက်လျှောက်လည်း
ဘယ်တော့မှမဆုံကြေးပေါ့ကွယ်။

23.3.09

တစ်ယောက်တည်း



နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ပါတယ်
အခုတော့.....
မိုးရေထဲမှာ ငါတစ်ယောက်ထဲ(တည်း)

လွမ်းရမှာကြောက်လို့
ချစ်တတ်အောင်သင်ခဲ့ပါတယ်
အခုတော့.....
အလွမ်းတွေကြားမှာ ငါတစ်ယောက်ထဲ

ရဲရဲလျှောက်မယ်ဆိုလို့
လက်တစ်စုံကိုတွဲခဲ့ပါတယ်
အခုတော့....
လမ်းခုလပ်မှာ ငါတစ်ယောက်ထဲ

ချစ်သူရေ...
မင်းမရှိတဲ့ မနက်ဖြန်ကို
ဘယ်လိုဆက်ရေးရမှန်း မသိလို့
အိပ်မက်တစ်ရွက်ကို ငါဆုပ်ဖြဲလိုက်တယ်
အခုတော့...
မျှော်လင့်မီးမှိန်မှိန်အောက်မှာ ငါတစ်ယောက်ထဲ

မျှော်လင့်ချက်


ကျောခိုင်းသွားမှာကို သိရက်နဲ့

ဘာလို့အဲဒီအချိန်ထိစောင့်နေရတာလဲ..

ကိုကစပြီးကျောခိုင်းဖို့အခွင့်အရေး

ရှိရက်နဲ့..ဟင့်အင်း..ထားသွားတဲ့

နင့်ရဲ့ကျောပြင်လေးကို

ရပ်ပြီးကြည့်ခွင့်လေး

ဆုံးရှုံးသွားမှာစိုးလို့ပါ….

အဖြည့်ခံနှလုံးသား အမုန်းမပွါးတတ်ပါ



လောကရဲ့ ညရှုခင်း ရှင်းရှင်းမမြင်ရတောင်
ငါ့ရဲ့ အဆင်း ငါ့ရဲ့ အချင်းနဲ့
အတတ်နိုင်ဆုံး အလင်းရောင်ကိုငါပေးခဲ့တယ်။

အလင်းရောင်ပေးဖို့ခရီးတစ်လျှောက်
ကျောက်ခတ်မီး ဆီမီး ရေနံဆီမီး မီးအားလုံးတိုက်ခိုက်
အကြီးမားဆုံး သိမ်းပိုက် အနိုင်ယူ
သူမတူအောင် အလင်းရောင်လက်လက်နှင့်
ဇမ္ဗူထက်ဝက်ဒေသတွေမှာ
ငါ ခေတ်အဆက်ဆက် နေရာယူခဲ့တယ်လေ။

ဗုဒ္ဓ ယေရှု မိုဟာမက် မဟာဝီရ ကွန်ဖြူးရှပ်
ဆော့ကရေးတီး ပလေတို အရစ်စ်တိုတဲယ်
တော့လ်စတိုင်း အိုင်းစတိုင်း အက်ဒီဆင် နျူတန်
ရှိတ်စပီးယား ရာဘင်ဒြာနတ်တဂိုး
အမျိုးမျိုးပညာရှင်
ငါမပါလျှင် မပြီးခဲ့။

ဘေဘီလုံးခေတ် အီဂျစ်က ပိရမစ်
ရှေးခေတ် တရုတ်မဟာတံတိုင်း
အိန္ဒိယတိုင်းက မိုဟိန်ဂြိုဒါရို
အရှေ့ ဘက်ကို စီးဆင်းသွား
ကမ္ဗောဒီးယားက အန်ကောဝပ်
အင်ဒိုနီးရှား ဗောဓောဗုဒ္ဓ
ပုဂံက ဘုရားအဆူဆူတည်ဖို့
ငါ့အကူအညီကို အများကြီးယူခဲ့ကြတယ်။

တိပိဋကဓရအကျော်စာတတ်
လောကဓါတ်ပညာကို မှန်းရှုကြည့်ဦးမလား
ပန်းချီ ပန်းပု သိပ္ပံအထွေထွေ
စာပေ ဒေါက်တာ အင်ဂျင်နီယာ
အဲဒါတွေအာလုံး
ငါ့ကိုအသုံးပြုခဲ့ကြတယ်။

အတို အရှည် အ၀ိုင်း အချောင်း ပုံစံအမျိုးမျိုးထုလုပ်
လူတွေလုပ်သမျှငါခံ
ငါ့ရဲ့ ကံ ဘယ်လောက်ဘဲ ဆိုးဆိုး
ငါ့ရဲ့ ကိုယ်ကျိုးသက်သက်မကြည့်ဘဲ
ညရဲ့ အလိုဆိုးရမက်ကိုတိုက်ဖျက်ဖို့
ငါ့ အသက်အသေခံပြီး အလင်းရောင်ပေးခဲ့တယ်။

အလင်းရောင်တစ်ချက်ရဖို့ အဖြေပေါ်
အရည်ပျော်အောင်ငါ့ကို ရှို့ မတဲ့
အမေ..အော်ရလောက်အောင် ငါဘယ်တော့မှမကြောက်ဘူး
တောက်တောက်ပြောင်ပြောင်အလင်းရောင်အတွက်
ငါ့အသက်ပေးဆပ်ရဲတယ်။

ငါ့ရဲ့ အလင်းရောင်မီးအောက်
လူတွေ ခရီးအတော်ရောက်ပြီး နေပျော်တယ်ဆိုရင်
ငါလဲ မကြောက်မရွံ့  သေပျော်ပါပြီလေ။


ဘယ့်နှယ်ဗျာ
အက်ဒီဆင်လက်ထက်အရောက်မှာ
လျပ်စစ်မီးတွေမှိုလိုပေါက်
အလင်းရောင်တွေ လိုရာရောက်ပြီး
ငါက အရာမရောက်တော့ဘူးတဲ့
ဘနဖူး သိုက်တူးတဲ့လျပ်စစ်
ငါအော်ဟစ်လိုက်ချင်တယ်။

ဒါပေမဲ့လဲလေ
လျပ်စစ်တွေပြတ်တောက်
အမှောင်တွေထပ်ရောက်လာရင်တော့
မင်းတို့ ခေါက်ထားတဲ့ ငါ့(ဖယောင်းတိုင်မီး)ကို
ထိန်ထိန်ကြီးသာ ထွန်းညှိပါတော့။

ငါ့ရဲ့ အဖြည့်ခံနှလုံးသား
အမုန်းမပွါးတတ်ပါဘူး
ကျေနပ်စွာ ငါ့ရဲ့ အားအစွမ်းကို တံတားခင်းပေးပြီး
အားလုံးကို အလင်းမပေးနိုင်ပေမဲ့
အခန်းလုံးပြည့် လင်းထိန်စေရပါမယ်။ ။

မှတ်ချက်။
ကိုကိုမောင်ရဲ့  ကဗျာကို ပြန်ဖော်ပြခြင်းဘဲ ဖြစ်ပါတယ်။

.....

မင်းနှင့်အတူ



မင်းနှင့်အတူ
ကောင်းကင်မှာ ပျံသန်းပြီး
တိမ်ညွန့်တွေကို အားရပါးရစားသောက်ခဲ့ဖူးတယ်။


ပလူတို ယူရေးနပ်စ် စတဲ့
ဂြိုဟ်ကြီးကိုးလုံးကို ဇယ်လုပ်ကာ
အာကာသတွင်းနက်နက်ကြီးထဲ
ဒို့နှစ်ယောက်ရဲ့ လက်ချောင်းလေးတွေနှင့်
အဆက်မပြတ် တောက်ချပြီး ကစားခဲ့ဖူးတယ်။


ပင်လယ်ပြင်ကြီးကို
စိန်ကတ္တီပါကော်ဇောလို သဘောထားပြီး
မင်းနှင့်အတူ ရှပ်တိုက်ပြေးလွှား
ပျော်ပါးစွာ ဖြတ်လျောက်ခဲ့ဖူးတယ်။


နေလုံးကြီးကို
ဘောလုံးလေးအဖြစ်သတ်မှတ်ပြီး
မြင်းမိုရ်တောင်ကြီးကို လေးပိုင်းချိုး နှစ်ဖက်ဂိုးတိုင်ပြုလုပ်ကာ
စကြာဝဠာကြီးထဲမှာ
မင်းနှင့်ကို အတူကန်ကစားခဲ့ဖူးတယ်။


ဘာမျူဒါတြိဂံထဲ
မျက်စိလည်လမ်းမှားရင်း
ငါးမန်းအကောင် တစ်သောင်းလောက်ကို
ညစာဟင်းအဖြစ်ပြုလုပ်ပြီး
မင်းနှင့်အတူ မြိန်ရည်ရှက်ရည် စားခဲ့ဖူးတယ်။


Solar System တွေ ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့
မိုင်ပေါင်း အသင်္ချေ အသင်္ချာ ကြည့်လို့ရတဲ့
မှန်ပြောင်းကြီးနှင့်
အာကာသလွင်ပြင်ကြီးထဲကြည့်ပြီး
Solar System တွေကို
မင်းနှင့်အတူ ရေတွက်ခဲ့ဖူးတယ်။


ငုတ်တုတ်ထိုင်ရင်း ပြေးလွှားခဲ့ရလို့
မောပန်းခဲ့စဉ်တုန်းက
သမုဒ္ဒရာကြီး လေးစင်းထဲက
ရေတွေအားလုံးကို
မင်းနှင့်အတူသောက်ခဲ့ဖူးတယ်။


ဗြဟ္မာမင်းကြီးရဲ့ သမီး မင်္ဂလာဆောင်ကို
စကြာယာဉ်ပျံစီးပြီး မင်းနှင့်အတူသွားတုန်းက
တုသိတာနတ်ပြည်နားအရောက်မှာ
မင်းလေး ပန်းပန်ချင်တယ်ဆိုလို့
လမင်းကြီးကိုဆွတ်ခူးပြီး
ပန်းအဖြစ် မင်းခေါင်းပေါ် ပန်ဆင်ပေးခဲ့ဖူးတယ်။


နွေရာသီ နေ့တစ်နေ့ရဲ့ နေ့လည်ပိုင်းမှာ
မင်းလေး အရမ်းပူအိုက်တယ်ဆိုလို့
တိုက်ဖုန်း ဆိုင်ကလုန်း
ဟာရီကိန်း နာဂစ်စတဲ့
လေမုန်းတိုင်းများစွာကို
လေညှင်းလေးအဖြစ်ပြောင်းပေးကာ
မင်းလေးရဲ့ ကိုယ်ခန္ဓာပေါ်
ညင်ညင်သာသာ
တိုက်ခတ်ပေးစေခဲ့ဖူးတယ်။


မိုးတွေသည်းထန်စွာရွာသွန်းတဲ့
မိုးကာလရဲ့ မနက်ခင်းတစ်ခုမှာ
မင်းလေး မိုးရည်စိုစွတ်မှာ စိုးရိမ်လို့
မိုးကုတ်စက်ဝိုင်းကြီးအလည်တည့်တည့်ကို
ဧ၀ရက်တောင်နှင့်ထောက်ထားပြီး
ထီးအဖြစ်ပြုလုပ်ကာ
မင်းလေးကို မိုးပေးခဲ့ဖူးတယ်။


ဆောင်းကာလ ညတစ်ညမှာ
မင်းလေး အရမ်းချမ်းတယ်ဆိုလို့
ယမမင်းကို သန်လျက်နဲ့ ငါးပိုင်း ပိုင်းသတ်ပြီး
အ၀ီစိက ငရဲမီးတောက် မီးလျှံကြီးကို အမြန်ယူလာကာ
မင်းအနီးမှာ ချပေးထားတုန်းက
မောင်ရယ် အချမ်းမပြေသေးဘူးလို့ မင်းလေးပြောတဲ့အတွက်
အ၀ီစိထက် ပိုပူပြင်းမဲ့
တိုးချဲ့ ငရဲ တစ်ထပ် တည်ဆောက်ဖို့
မာရ်နတ်မင်းကြီးထံ ကို တောင်းဆိုခဲ့ဖူးတယ်။


ယူဖရေးတီးမြစ်သောင်ခုံထက်က
သဲမှုန်သဲပွင့်လေးတွေကို
တစ်နေကုန်ထိုင်ပြီး တစ်ခုချင်း ရေတွက်ခဲ့စဉ်တုန်းက
မင်းလေး အရမ်းညောင်းကိုက်နေတယ်ဆိုလို့
ကမ္ဘာလုံးကြီးကို ၀မ်းလျားမှောက်အိပ်နေတဲ့ မင်းလေးအပေါ်တင်ပေးပြီး
ဆူနာမီ ငလျင်ကို ခပ်နာနာလေး လှုပ်ပေးစေခဲ့ပေမဲ့
မောင်ရယ်... အညောင်းမပြေသေးဘူး လို့ပြောတဲ့အတွက်
ငလျင်မင်းထံ ကိုယ်တိုင်သွားပြီး
ဆူနာမီထက် အဆထောင်ပေါင်းများစွာ ပြင်းထန်တဲ့
ငလျင်အသစ်အဆန်းတစ်မျိုးကို
ထပ်လှုပ်ပေးဖို့ ကို အသနားခံခဲ့ဖူးတယ်။


ဘာသာစကားတွေ များလွန်းတဲ့အတွက်
သူများတွေ ပြောတဲ့စကားတွေကို
မင်းလေးနားမလည်ဘူးဆိုလို့
တစ်ကမ္ဘာလုံးကသူတွေအားလုံး
"၀ ထ က လ သ" ဆိုတဲ့ ဘာသာစကားတစ်မျိုးထဲပြောကြအောင်
ကို လုပ်ပေးခဲ့ဖူးတယ်။


မောင်ရယ်
ကိုးကွယ်စရာတွေ အရမ်းများတာဘဲ
ဘယ်ဘာသာရေးကို နှမတော် လိုက်နာကျင့်သုံးရမလဲလို့
မင်းလေး မေးတဲ့အတွက်
လက်ရှိဘာသာရေးတွေကို အကုန်ချေဖျက်ပြီး
"မတွေ့ရှိသေးတဲ့ အမှန်တရား"ကိုဘဲ
ကမ္ဘာရဲ့ တစ်ခုတည်းသော ဘာသာအဖြစ်
ကို သတ်မှတ်ပေးခဲ့ဖူးတယ်။


မင်းလေး မှတ်ဥာဏ်မကောင်းဘူးဆိုလို့
ဘုံကြီး ၃၁ ဘုံလုံးကို
တစ်ဘုံထဲဖြစ်အောင် မြေညှိပြီး
ဘုံအသစ်ထပ်ဆောက်ကာ
အဲဒီဘုံကို "နိဗ္ဗာန်ဘုံ"လို့
ကို အသိအမှတ်ပြုပေးခဲ့ဖူးတယ်။


မင်းလေး အရမ်းပျင်းရိနေတယ်ဆိုလို့
အပျင်းပြေကစားဖို့
အာကာသအမှောင်ကြီးထဲမှာ
ရွေ့ လျားမျောပါနေတဲ့
အင်တာနက် ကွန်ယက်ကြီးကို
လက်ဆောင် အဖြစ် ကို ပေးခဲ့ဖူးတယ်။


မောင်တော်ရယ်
သတ္တ၀ါအမျိုးတွေက များလှချည်လား ဆိုလို့
ဂြိုဟ်သားတွေ ကျိုင်းကောင်တွေ
ဗြဟ္မာတွေ နတ်တွေ အသုရာတွေ
လူတွေ ငှက်တွေ တိရစ္ဆာန်တွေ
ပြိတ္တာတွေ အသူရကာယ်တွေ
ယမမင်းမိသားစုတွေ ငရဲသားတွေ
အဲဒါတွေ အားလုံးကို သတ္တ၀ါတစ်မျိုးထဲဖြစ်အောင်ပြုလုပ်ပြီး
အဲဒီသတ္တ၀ါကို "အတ္တ"လို့ နာမည်ပေးခဲ့ဖူးတယ်။


အတ္တကောင်တွေချည်း ပြည့်နှက်နေတဲ့
နိဗ္ဗာန်ဘုံကြီးထဲမှာ
အတ္တကောင်တွေ အားလုံးကို ပိုင်သတော်မူတဲ့
စကြာလက်နက်ပိုင်ရှင်အဖြစ်
ကိုက စကြာဝတေးမင်း
မင်းလေးက ကို့ရဲ့  မိဖုရား
အတူသွား အတူစား အတူကစားပြီး
နိဗ္ဗာန်ဘုံကြီးတိုးတက်ဖို့
မင်းနှင့်ကို အတူ အုပ်ချုပ်ခဲ့ဖူးတယ်။

မောင်ရယ်
ဒါတွေအားလုံး အိပ်မက်မဟုတ်ရင် သိပ်ကောင်းမှာဘဲနော်လို့
အိပ်မက်ထဲမှာ
မင်းလေးပြောခဲ့စဉ်တုန်းက
အိပ်မက်ဆိုလဲ ဘာဖြစ်လဲကလေးရယ်
အိပ်ဆေးများများသောက်
ရာသက်ပန်အိပ်ပြီး
အိပ်မက်ကမ္ဘာကြီးထဲမှာ
အိပ်မက်ရှည်ကြီးကိုဘဲ
မနိုးထကြစတမ်း
ဆက်မက်ကြတာပေါ့လို့ ကိုပြောခဲ့ဖူးတယ်လေ။


အဲဒီအခါလေးမှာ
မျက်တောင်ကော့ကော့လေးကို
တစ်ဖျပ်ဖျပ်လှုပ်ပြပြီး
ပျော်ရွှင်ကျေနပ်တဲ့ မျက်ဝန်းလေးနဲ့
မင်းလေး ကို့ကို စကားတစ်လုံးထဲဘဲပြောခဲ့တယ်။
"အင်း" တဲ့။


မှတ်ချက်။
ကိုကိုမောင်ရဲ့  ကဗျာလေးကို ပြန်ဖော်ပြခြင်းဘဲ ဖြစ်ပါတယ်။

...

အနတ္တရှာပုံတော်


ဒုက္ခကို ရေလုံပြုတ်သောက်ပြီး
သုခတွေကို ချောင်ထိုး
မရိုးနိုင်တဲ့ အတ္တတွေနဲ့
အနိစ္စတရားကို သုတေသနပြုနေမိခဲ့တယ်။

အသုဘကို သုဘရာဇာတွေ
လောင်တိုက်သွင်းခိုက်
သုဘတရားတွေက
လောကအပြင်ဘက် ပြေးထွက်သွားကြတယ်။

ဥပေက္ခာဝတ်ရုံလွှာကို ခြုံပြီး
မေတ္တာတရားကို ဒေါသဆီပူအိုးထဲ ထိုးထည့်
ငဲ့ကွက်စရာ ကရုဏာမျက်ဝန်းတစ်စုံက မဟာဒုက်အသွင်ဆောင်လေတော့
သူများအောင်မြင်ရင် ပျော်ရွှင်တတ်တဲ့ မုဒိတာလေး
ဟိုး အဝေးတစ်နေရာမှာ
ဆွေးလို့ ဆွေးလို့။

နိစ္စပဉ္စလက်နောက် လိုက်ကစားရင်း
ဒဏ္ဍာရီတွေေ၀၀ါးနေခိုက်မှာ
အလမ္ပါယ်ဆရာရဲ့  လှည့်ကွက်အောက်က မြွေဟောက်လို
အတ္တတွေတစ်ဖွားဖွား မွေးထုတ်ရင်း
အနတ္တတရားကို ရှာဖွေထွက်ခဲ့တယ်။

မှတ်ချက်။
ကိုကိုမောင်ရဲ့  ကဗျာကို ပြန်လည်ဖော်ပြခြင်းဘဲ ဖြစ်ပါတယ်။


.....

ရင်ခုန်သံနှင့်အပြိုင်


မီးစိမ်းတစ်ချက်အပြမှာ
ဘ၀အစ အာဒိကမ္မိကအနေနဲ့
ဇာတိကို အထာမသိဘဲ
အသာရရှိခဲ့တယ်။

ဇရာရထာစီးပြီး
ဤခရီးနီးသလား မေးစရာမလို
ဟိုဟို ဒီဒီ မညီညာတဲ့လမ်းပေါ်
ရွက်ဖွင့်ပြီး လှော်ခတ်ခဲ့ကြတယ်။

ဗျာဓိအ၀တ်အစား ခပ်နွမ်းနွမ်းကို ၀တ်ရုံပြီး
ခပ်ကြမ်းကြမ်း ခရီးလမ်းကို
ပင်ပန်းမှု မီးခိုးတန်းတွေနဲ့
စီတန်းပြီး ချီတက်ခဲ့ကြတယ်။

ဇာတိ ဇရာ ဗျာဓိတွေကို
အရသာ ရှိရှိစားသုံးရင်း
ခရီးဆုံးကိုရောက် မရဏနောက်လိုက်ဖို့
ခရီးတစ်ထောက် ရောက်လာခဲ့ပြီ။

နားခိုရာ မရဏထီးနန်းအ၀င်ဝမှာ
စီးဖြန်းစရာ ကမ္မဋ္ဌာန်းတွေမကျင့်ခဲ့ရင်
ဘယ်လမ်းဘယ်စခန်းကို သွားရလိမ့်
တွေး တစ်သိမ့်သိမ့်တုန်ပေမဲ့
ဆွေးတစ်ငြိမ့်ငြိမ့် တဏှာဓါတ်အစုံစုံကြောင့်
ဘ၀ဇာတ်ခုံပေါ်မှာ ခုံမင်စွာ
ငါတို့.....ရင်ခုန်နေကြဆဲ။

မှတ်ချက်။
ကိုကိုမောင်ရဲ့  ကဗျာကို ပြန်ဖော်ပြခြင်းဘဲ ဖြစ်ပါတယ်။

အဖေသို့ပေးစာ



ခုနစ်နှစ်သားအရွယ်
အတော်လေးငယ်သေးပေမဲ့
ကျနော် ကောင်းကောင်းမှတ်မိတယ်။

ညတစ်ညရဲ့ ညဥ့်ဦးယာမ်မှာ
အမေ့ရဲ့ အော်သံ အမေ့ရဲ့ ငိုသံ
အမေ့ရဲ့ ကြေကွဲသံ မိုးထက်ထက်ညံသွားလောက်ရဲ့ 
"မင်းတို့ အဖေ မရှိတော့ဘူး" တဲ့။
........................

ရင့်ကျက်မှုအပြည့်မရှိသေးတဲ့ အမေတစ်ယောက်
အရွယ်မရောက်သေးတဲ့ သားငါးယောက်နှင့်
ခရီးဘယ်လိုဆက်လျောက်ရမလဲ...အဖေ

အကြီးဆုံးအကိုက ၁၁ နှစ်
အငယ်ဆုံးညီက ၃နှစ်
အဖြစ်ကရင်နာစရာ
အဖေထွက်ခွါသွားတာစောလွန်းတယ်.. အဖေ။

အဖေမရှိတော့ပေမဲ့
အဖေရှိခဲ့တယ်ဆိုတဲ့အသိနဲ့
အဖြေမသိသေးတဲ့ အနာဂါတ်အတွက်
အမေနှင့်အတူလျောက်လှမ်းခဲ့ပါတယ်... အဖေ။

ရတက်တွေပွေလျက်နဲ့
အသက်ပင်သေသေ ကြိုးစားရုန်းကန်ခဲ့ရပေမဲ့
အဖေမမုန်းရအောင်ဆိုပြီး
အမေကတော့ အပြုံးမပျက် ပြုံးလျက်ပါဘဲလေ
အဲဒါ... အဖေပေးခဲ့တဲ့ အင်အားတွေတဲ့.. အဖေ။

အမေနေ့တိုင်းလုပ်နေတဲ့အလုပ်တစ်ခု
ငုတ်တုတ်မေ့လောက်အောင် အဖေအံ့သြသွားလိမ့်မယ်
အဖေ့အုတ်ဂူကိုနေ့တိုင်းသွား
တမလွန်ကအဖေကြားနိုင်လောက်အောင်
နာကြားဖူးသမျှတရား ပါးစပ်ဖျားကထွက်ပေါ်
အမေ့ အမျှဝေသံအဆုံးမှာ သာဓုခေါ် ဖြစ်ရဲ့ လား...အဖေ။

အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူ တော်လေးဝအမျိုးသမီးတွေလောက်
ချစ်ခရီးမှာ အချစ်မကြီးခဲ့နိုင်ပေမဲ့
အဖေ့ချစ်ဇနီးကို စိတ်သာချ
သူ့ဘ၀ တမလွန်ပြောင်းသွားတဲ့ထိ
တုမရတဲ့ အချစ်တွေနဲ့ အဖေဟာ အမေ့ရဲ့ အဖေပါဘဲ... အဖေ။

"ငါ့သားတို့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကြပါ"တဲ့
အဖေမသေခင် မှားထားခဲ့တဲ့စကား
သား နားဝက မထွက်ခဲ့ပါဘူး
ရည်မှန်းချက်ကြီးတဲ့ အဖေ့မှာကြားချက်
သား တစ်သက်လုံးဂုဏ်ယူနေမယ်... အဖေ။

အဖေထားခဲ့တဲ့ ဆန်စပါး
အဖေပေးခဲ့တဲ့ အင်အား
အဖေဆုံးမခဲ့တဲ့စကားတွေကြောင့်
အခုဆို
အဖေ့သား... အင်္ဂလန်ရောက်ခဲ့ပြီ... အဖေ။

ငယ်ငယ်ဘ၀ မောဟအဖုံးတွေကြောင့်
အဖေဆုံးသွားတာတဲ့ရက်မသိခဲ့ပေမဲ့
ဒီနေ့ဆို
အမေဆုံးသွားတာ ၈ နှစ်တိတိပြည့်ခဲ့ပြီ...အဖေ။

အဖေနေတတ် အမေလဲကျေနပ်အောင်
သားတို့ တတ်နိုင်သမျှကြိုးစားရင်း
အဖေ့အုတ်ဂူနား နောက်ထပ်အုတ်ဂူတစ်ခုတိုးခဲ့ပြီ
အဲဒါ.. အမေ့အုတ်ဂူဘဲ....အဖေ။

တကယ်လို့များ.....
ဆုတောင်းလို့ ရကြစတမ်းဆိုရင်
တစ်ခုတည်းသောဆုကို သားတောင်းပါတယ်။

ရောက်ရာဘ၀မှာ ဖြစ်ရာဘ၀မှာ
အဖေနှင့်အမေဟာ
သားရဲ့ အဖေနှင့်အမေဘဲ ပြန်ဖြစ်လာကြပါစေသား။

မှတ်ချက်။
ကိုကိုမောင်၏ကဗျာဖြစ်သည်။

...

အမေသို့ ပေးစာ (၂)


(ရင်ဘတ်ထဲ)
အမေထည့်ပေးခဲ့တဲ့ အင်အား
အမေသွန်သင်ခဲ့တဲ့ စကား
အမေမွေးခဲ့တဲ့ သား
အမေ့သားကလေ
အခုဆို (လောကကြီးထဲမှာ) မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီ အမေ။

အမေ့လက်နဲ့ လွဲခဲ့တဲ့ ပုခက်
အမေချန်ထားခဲ့တဲ့ အသက်
အမေကြည်နူးခဲ့တဲ့ နေ့ရက်
အမေ ဖြေရှင်းခဲ့တဲ့ အခက်
သားတစ်သက် မမေ့ပါဘူး အမေ။

အမေ့ဘ၀ခရီး တစ်လျောက်မှာ
သားယောက်ျားတွေချည်း ငါးယောက်
အမေထွန်းတောက်ခဲ့လို့
လွမ်းလောက်စရာ မိသားစုလေးအနေနဲ့
(တစ်ရွာလုံးက) ငေးမောကြည့်နေကြလေရဲ့  အမေ။

သုံးယောက်မြောက်သားဖြစ်ခဲ့လို့
သုံးခုမြောက် ပုခက်ထဲမှာသာ
အူဝဲ အူဝဲ အော်ခွင့်ခဲ့ရပေမဲ့
(သားလေးရေလို့ ကြင်နာစွာ) အမေခေါ်ခဲ့တဲ့စကား
(အခုထိ) သား နားထဲက မထွက်သေးပါဘူး အမေ။

အမေ့သားဦးဖြစ်ခဲ့ချင်ပေမဲ့
တစ်ခြားနှစ်ဦး ပြီးမှ သားအလှည့်
သားအလှည့်ပြီး အခြားနှစ်ယောက်
ငါးယောက်ထဲမှာ သားက အလယ်အလတ်
အလယ်အလတ်ဆိုရင် တကယ်လတ်နေတတ်တယ်ဆိုပေမဲ့
သားက လာဘ်တောင်ပိုကောင်းနေသေးလို့
သား တကယ်ကျေနပ်တယ် အမေ။

ယူကေရဲ့  အမေများနေ့မှာ
အမေ့သားကို အမေတွေ့ရင်
ဘယ်ရွေ့  ဘယ်မျှ အမေ၀မ်းသာမယ်ဆိုတာ
သားမှန်းဆလို့ ရပါတယ်အမေ။

တောရွာလေးမှာ မွေးခဲ့တဲ့သား
(ကိုကိုမောင်ဆိုတဲ့)အမေ့သားတစ်ယောက်
(အခုဆိုရင်) ယူကေရောက်နေပြီ အမေ။

အမေဖြစ်စေချင်တဲ့ ဆန္ဒ
သားရောက်နေတဲ့ ဘဝ
တမလွန်ကသာ ၀မ်းမြောက်ပါတော့ အမေ။ ။

မှတ်ချက်။
ကိုကိုမောင်၏ကဗျာဖြစ်သည်။

....

အမေသို့ပေးစာ



အမေရယ်။
သား သတိရလိုက်တာ။

အအေးဓါတ်တွေဝေနေတဲ့
တန်ဆောင်မုန်းရဲ့ ညနေခင်းတစ်ခုမှာ
သားငါးယောက်ကို လူ့လောကထဲထားခဲ့ပြီး
အဖေ့နောက် အမေလိုက်သွားခဲ့တယ်နော်
အဲဒီနေ့ဟာ.. ဒီနေ့ဆို ၈ နှစ်တိတိရှိခဲ့ပြီလေ။

အမေသေသွားပေမဲ့
အမေနေသွားတဲ့အချိန်လေးမှာ
အဖေထားခဲ့တဲ့ သားငါးယောက်
လူးလားမြောက်ခဲ့ကြရတယ်လေ
အဲဒါ.. အမေ့စွမ်းအားတွေဘဲပေါ့။
..............................

အဖေဆုံးတော့ အမေ့အသက် သုံးဆယ်
အရွယ်ငယ်သေးပေမဲ့
သားတွေကိုငှဲ့ ကွက်
နောက်အိမ်ထောင်မဆက်ခဲ့ပါဘူး
သား... ဂုဏ်ယူတယ်.. အမေ။

အသက်သုံးဆယ် သားငါးယောက်
တစ်ယောက်တစ်မျိုးပူဆာ
အ၀တ်ဗလာ ၀မ်းဟာဟာမဖြစ်အောင် အမေကြိုးစား
ဖျားနာတာတွေကထပ်တိုး
ကျောင်းစာအုပ်ဖိုးငွေရှာ
သေချာပါတယ် အမေ မညီးညူခဲ့မှန်း။

အဖေမရှိတဲ့နောက် အဖေ့အိမ်ဟာ
အမေ့အိမ်မဟုတ်လေတော့
အမေ့အိမ်မှာ အမေနေထိုင်ဖို့ 
အမေကိုယ်တိုင်ဘဲ ကြိုးစားခဲ့တယ်လေ။

အမေ မိန်းမသားပေမဲ့
စိမ်းကားလှတဲ့ လောကကြီးထဲမှာ
ယိမ်းသွားလှုပ်ရှားခဲ့ရတာတောင်မှ
(အမေ့လမ်းကြောင်းတွေ)
နဲနဲလေးမှ တိမ်းမသွားခဲ့ပါဘူး အမေ။

မွေးကျေးဇူး ကျွေးကျေးဇူး
အမေပေးခဲ့တဲ့ ပေးကျေးဇူးတွေကြောင့်
(ခုဆိုရင် အမေ့သား)
လူမွေး(တောက်)ပြောင်နေခွင့်ရပြီ
ကျေးဇူးတင်တယ် အမေ။

မှတ်ချက်။
ကိုကိုမောင်၏ ကဗျာဖြစ်သည်။

..........