30.3.09

မာနမျက်ရည်


ပန်းချီပြခန်းတစ်ခုမှာပေါ့

တက်သစ်စ လူငယ်ပန်းချီဆရာလေးတစ်ယောက် သူအစွမ်းကုန် ကြိုးစားရေးဆွဲထားတဲ့
ပန်းချီကားလေးကို နံရံတစ်ခုပေါ်မှာ ချိတ်လိုက်တယ်.

ပြီးတော့ ဘေးနားမှာ စာတိုလေးတစ်စောင်ရေးထားလိုက်တယ်.



“လူကြီးမင်းများခင်ဗျာ. ကျွန်တော့်လက်ရာ ပန်းချီကားလေးကို
အားပေးချီးမြှောက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်.
လိုအပ်နေတဲ့အရာလေးတွေ၊ အမှားလေးတွေကို ထောက်ပြပြောဆိုပေးခဲ့ပါ
ကျေးဇူးတင်ပါတယ်.”

အဲလိုလေးလည်း ရေးထားတယ်. ပြီးတော့ ပန်းချီကားလေးရဲ့ ဘေးနားမှာလည်း
စုတ်တံလေးတစ်ချောင်း ထားထားလိုက်တာပေါ့..
ညနေစောင်းတော့ ပန်းချီပြခန်းလည်း ပိတ်ရော ပန်းချီဆရာလေးလည်း
သူ့ပန်းချီကားလေးကို ပြခန်းလာကြည့်သွားသူတွေ ဘယ်လိုမှတ်ချက်လေးတွေများ
ပေးသွားမလဲလို့ ၀မ်းသာအားရနဲ့ သွားကြည့်တော့တာပေါ့.

အိုး…

သနားစရာကောင်းလိုက်တဲ့ ပန်းချီဆရာလေး…

သူ့အသည်းနှလုံးနဲ့ ရေးဆွဲသီမှုန်းထားတဲ့ ပန်းချီကားလေး တစ်ချပ်လုံး ရစရာ
မရှိအောင် အစက်တွေ၊ အပြောက်တွေ၊ အ၀န်းတွေ၊ အ၀ိုင်းတွေ ပြည့်နှက်နေခဲ့တယ်…

အခန်းထောင့်တစ်နေရာကိုသွားပြီး ပန်းချီဆရာလေးလည်း စိတ်ပျက်လက်ပျက်
ထိုင်ချလိုက်တော့တယ်.

ပြီးတော့ ဘယ်သူမှ မကြားအောင် ရှိုက်ပြီး ငိုနေမိတော့တယ်တဲ့…

ဘယ်လောက်ကြာအောင် သူငိုနေခဲ့တယ်မသိ. သူ့ပုခုံးကို လူတစ်ယောက်
လာကိုင်တော့မှပဲ သူလည်း ဖျတ်ခနဲ တုန်လှုပ်ပြီး သတိပြန်ဝင်သွားခဲ့တယ်..

“မင်း ဘာဖြစ်လို့ ဒီလောက်တောင် ရှိုက်ကြီးတငင် ၀မ်းနည်းပူဆွေးနေရတာလဲ.”

ပန်းချီဆရာလေးလည်း ဖြစ်ပျက်သမျှအကြောင်းစုံကို ရှင်းပြလိုက်တော့တာပေါ့..

“ကျွန်တော်စိတ်မကောင်းဘူးဗျာ. ဒီပန်းချီကားလေးကို ကျွန်တော့်ရဲ့
အကောင်းဆုံး စုတ်ချက်တွေနဲ့ ခြယ်မှုန်းထားခဲ့တာဗျ. ခုတော့ အဓိပ္ပါယ်မရှိတဲ့
စုတ်ချက်မှားတွေကြောင့် ကျွန်တော့်ရဲ့ အကောင်းဆုံးလက်ရာတစ်ခု
အကျည်းတန်ပျက်စီးသွားခဲ့ရပြီ. ကျွန်တော်သိပ်မှားသွားတယ်ဗျာ.”

“မင်း မမှားပါဘူး.”

ပန်းချီဆရာလေးလည်း အလန့်တကြားခေါင်းမော့ကြည့်ရင်းက…

“ဟင်. ခုလိုဖြစ်သွားတာ ကျွန်တော်မှားသွားတာ မဟုတ်ဘူးလား. တကယ်ဆို
ကျွန်တော် သူတို့ကို ပြင်ဆင်ခွင့်မပေးခဲ့သင့်ဘူး. ကျွန်တော့်ပန်းချီကားဟာ
ကျွန်တော့်ရဲ့ လက်ရာသီးသန့်ပဲ ဖြစ်နေစေရမှာ”

ပန်းချီဆရာလေးပြောသမျှကို လူကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နားထောင်နေခဲ့ရာက

“မင်းမမှားပါဘူး ချာတိတ်. မင်းရဲ့ အတွေးအခေါ်မမှားပါဘူး.
လုပ်ပုံကိုင်ပုံပဲ နည်းနည်းလွဲသွားတာ”

“ဒါဆို ကျွန်တော်ဘယ်လိုပြန်ပြင်သင့်သလဲ”

လူကြီးက ချောင်းတစ်ချက်ဟန့်လိုက်ရင်း…

“အိုကေ. ဒီပန်းချီကားနဲ့ တစ်ထပ်တည်း တူညီတဲ့ ပန်းချီကားနောက်တစ်ချပ်
မင်းဆွဲပါ. ဒီအတိုင်းပဲ စုတ်တံတစ်ချောင်းနဲ့ ဆေးခွက်ကို
ပန်းချီကားဘေးနားမှာ ချပေးထားလိုက်ပါ.”

“ဟုတ်ကဲ့. ဘာများထူးခြားသွားမှာမို့လဲ ဆရာကြီး”

ပန်းချီဆရာလေးက သူ့ကို ဆရာကြီးလို့ခေါ်လိုက်တော့ သူလည်း နှစ်ခြိုက်စွာ
ပြုံးလိုက်ရင်း..

“ထူးခြားတယ် ချာတိတ်. ပန်းချီကားဘေးနားမှာ ချိတ်ထားတဲ့ မင်းရဲ့ စာသားကို
ပြန်ပြင်လိုက်.”

“ဘယ်လိုပြင်သင့်သလဲ ဆရာကြီး”

“ဒီလိုကွာ….

“လူကြီးမင်းများခင်ဗျာ. ကျွန်တော့်လက်ရာ ပန်းချီကားလေးကို
အားပေးချီးမြှောက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်.
လိုအပ်နေတဲ့အရာလေးတွေ၊ အမှားလေးတွေကို ထောက်ပြပြောဆိုပေးခဲ့ပါ.
ဘာကြောင့်မှားတယ် မှန်တယ်ဆိုတာကိုလည်း ယထာဘူတ ကျကျ ဆွေးနွေးတင်ပြပေးပါ.
ပြီးတော့ ဒီပန်းချီကားလေးဘေးနားမှာ ရှိတဲ့ကင်းဗတ်စလေးပေါ်မှာ
လူကြီးမင်းရဲ့ လက်ရာလေးကို မှတ်တမ်းတင်ခဲ့ပေးပါ.ကျေးဇူးတင်ပါတယ်.”

ပန်းချီဆရာလေးလည်း ဆရာကြီးဆိုသူ ပြောသမျှအတိုင်း တသွေမတိမ်း လိုက်လုပ်လိုက်တယ်.

နောက်တစ်နေ့ ပြခန်းပိတ်ချိန်ရောက်တော့ သူ့ပန်းချီကားလေးဟာ
မီးရောင်အောက်မှာ ခန့်ညားထယ်ဝါစွာနဲ့ သန့်ရှင်းသပ်ရပ်စွာ
ဝင့်ဝင့်ကြွားကြွား တည်ရှိနေခဲ့တာကို တွေ့လိုက်ရတယ်.

ထူးခြားတာကတော့ ဘယ်လိုဆေးစက်အရာမှ သူ့ပန်းချီကားလေးပေါ်မှာ ရှိမနေခဲ့သလို
ဘေးနားမှာ ထားပေးထားတဲ့ ကင်းဗတ်စလေးနဲ့ စုတ်တံဟာလည်း အရာမယွင်းဘဲ
ဖြစ်နေခဲ့တာကို တွေ့လိုက်ရတယ်.

ပန်းချီဆရာလေးလည်း သိပ်ကို အံ့ဩသွားခဲ့တော့တာပေါ့…. ဘာလို့လည်းဆိုတော့
သူ့ပန်းချီကားလေးရှေ့မှာ လူတွေ စုပြုံပြီး တိုးဝှေ့ကြည့်ရှု ဝေဖန်နေတာကို
သူ နေ့ခင်းကတည်းက တွေ့နေခဲ့တာကိုး…

မနေ့ကလိုပဲ သူ့ပန်းချီကားလေးပေါ်မှာ ပြင်ဆင်ချက်တွေ၊ ဝေဖန်ချက်တွေ
ပြည့်နေမယ်လို့ ထင်နေခဲ့တာကိုး…

ခုတော့ သူထင်သလို တစ်ခုမှမဟုတ်ဘဲ သူ့ပန်းချီကားလေးဟာ သိပ်ကို
အပြစ်ကင်းစင်စွာနဲ့ ပြခန်းနံရံပေါ်မှာ ခေါင်းမော့နေခဲ့တယ်.

အဲဒီ့အချိန်မှာပဲ သူ့နောက်က ဩဇာအပြည့်ပါတဲ့ အသံတစ်ခုထွက်လာခဲ့တယ်….

“အဲဒါပဲ ချာတိတ်…. လူတွေဟာ သူများတွေရဲ့ အမှားတွေ၊ ဟာကွက်တွေကိုပဲ
ပြစ်တင်နင်းနှိပ်ပြောချင်ကြတယ်. ဘယ်လိုပြင်သင့်တယ်၊
ဘယ်လိုနေသင့်တယ်ဆိုတဲ့ စံနမူနာပြယုဂ်တစ်ခုကိုတော့
သူတို့ကိုယ်တိုင်မတည်ဆောက်နိုင်ကြဘူး…”

ပန်းချီဆရာလေးရဲ့ မျက်နှာဟာ သိပ်ကို တည်ငြိမ်ရင့်ကျက်နေခဲ့ပါတယ်.

ဆရာကြီးဟာ ပန်းချီဆရာလေးရဲ့ မျက်ခုံးထူထူအောက်က စူးရှထက်မြက်ဟန်ရှိတဲ့
မျက်ဝန်းအစုံကို စေ့စေ့စိုက်ကြည့်ရင်းက သူ့ရဲ့ ဆုံးမစကားကို တစ်လုံးချင်း
ပြောကြားခဲ့လိုက်ပါတော့တယ်…

“မင်းလုပ်စရာရှိတာကိုသာ မင်းလုပ်ပါ. မင်းကိုယ်မင်းယုံကြည်စွာလုပ်ပါ.
မင်းမှန်တယ်ထင်တာကို မင်းစွဲကိုင်ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ
မင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ. မျက်စိဟာ မြင်ဖို့ဖြစ်ပေမယ့်
မမြင်သင့်တာတွေအတွက် တစ်ခါတစ်ရံ ကန်းပေးရမယ်. နားဟာ ကြားဖို့ဖြစ်ပေမယ့်
မကြားသင့်တာတွေအတွက် တစ်ခါတစ်ရံ နားလေးပေးရမယ်.

မင်းဘ၀အတွက် မင်းသာလျှင် ပဲ့ကိုင်ရှင်ပဲ….

မင်းရဲ့ ကံကြမ္မာအတွက် မင်းသာလျှင် ဖန်တီးရှင်ပဲ…”

ထိုညက ကြယ်တွေစုံနေသော ကောင်းကင်ပြာကြီးကို လူငယ်လေးတစ်ယောက်
မျက်ရည်များကြားမှ ပြုံးလျက် ခေါင်းမော့ကြည့်နေခဲ့လေသည်…..

forward mail လေးကနေရလို့တင်လိုက်တာပါ..ကျန်မလည်းပန်းချီဆရာလေးလို
ခံစားရဘူးလို့ပါ....ခံစားချက်လေးတွေကို မရေးတော့ဘူးလို့တောင်ဆုံးဖြတ်မိတဲ့အထိပါ..
ဒီမေးလေးကိုဖတ်ပြီးမှ.နားလည်သွားတော့တယ်.....ဒုတိယနည်းကိုတော့ မစမ်းကြည့်ရသေးပါဘူး...
စမ်းကြည့်ဖို့တော့စိတ်ထဲတေးထားတယ်..ဘာဘဲဖြစ်ဖြစ် ဒီလိုလေးချရေးလိုက်တော့လည်းဝေဒနာလေးတွေ
သက်သာသွားသလိုပါ ဘဲ....

5 comments:

ဖိုးစိန် said...

ဟုတ်တယ်နော်..ကောင်းလိုက်တဲ့ပိုစ့်လေးပါ..
ကဗျာလေးတွေအများကြီးထပ်ရေးနိုင်ပါစေဗျာ..

mgnge said...

ဂွတ်.ဒ်.
ဒီ တစ်ခါ နာ့ အမ တော် သွား ပြီ ..။

ဟုတ်တယ်နော်...။
သားသားလည်း ပန်ချီဆွဲ ဦးမ.ယ်။။။
အခု တော့ ကျောက်တံကို ဘယ်ဓါး နဲ့ ချွန်ရင်ကောင်း မလဲ စဉ်းစားတုန်း..။

flowerpoem said...

ဒီပို့စ်လေးကို အရမ်းသဘောကျတာပဲ ညီမလေး အလည်လာတယ် ဒါပေမယ့် နက်ကျ၂သွားလို့ ဘာမှာ မပြောဘဲပြန်၂သွားရတယ်

အန်တီချမ်း said...

ကြယ် ကြယ်
တီကတော့ ဖတ်ပြီး ဘာကို သွားသတိရသလဲ ဆိုတော့
ဒါဟာ ရန်ဖြစ်နေတဲ့ ဘလောခ် လောက ကို မီးမောင်းထိုးပေးလိုက်သလိုပဲ လို့ခံစားရတယ် ကောင်းတယ်ကွယ်

ဏီ(န်)ကင်း said...

မြင်ဖို့ဖြစ်ပေမယ့်
မမြင်သင့်တာတွေအတွက် တစ်ခါတစ်ရံ ကန်းပေးရမယ်. နားဟာ ကြားဖို့ဖြစ်ပေမယ့်
မကြားသင့်တာတွေအတွက် တစ်ခါတစ်ရံ နားလေးပေးရမယ်.

တကယ်ကြိုက်တယ်